ရှေ့မှာ စောင့်နေတာက အစွယ်တဖွေးဖွေး
ပါးစပ်ကြီး ဖြဲဟထားတဲ့ ခွေးကြီး တစ်ကောင်
တော်ရုံ တန်ရုံဆို ခွေးချစ်တတ်တဲ့ ကျွန်မ
တော်ရုံ တန်ရုံဆို သည်းခံတတ်တဲ့ ကျွန်မ
ဒီတောင်ကို ကျော်နိူင်ပါ့မလား
ဟိုတစ်ဘက်ခြမ်းမှာက
ဘဝက တစ်ယောက်တည်း လျှောက်ရမယ့် လမ်း
ပျော်စရာတွေ ရှိမယ်
ငိုစရာတွေ ရှိမယ်
အသည်းနှလုံးကို ထွင်းဖောက်စားမယ့် လူတွေ ရှိတယ်
အသွေးအသားကို မျိုဆို့မယ် လူတွေရှိတယ်
အားငယ်နေရင် ထူမပေးမယ့် လူတွေ ရှိတယ်
အကောင်းနဲ့ အဆိုးကတော့ ခွာချလို့ မရအောင်
ဒွန်တွဲနေတတ်တာပါပဲ
လေကောင်းလေသန့် ရချင်လို့
ပြတင်းတံခါးတွေ ဖွင့်ထားရင်တော့
ခြင်ကောင် ယင်ကောင်တွေ ဝင်လာမှာကို အပြစ်ဆိုလို့တော့ ဘယ်ရမလဲ
သို့ပေသိ ခေတ်က တိုးတက်လာတော့
ခြင်လုံသံဇကာဆိုတာမျိုးတွေ
ပေါ်လာတာကိုး
ရွေးစရာ တခြားလမ်း မရှိမှတော့
ဒီခွေးကို အကိုက်ခံပြီး ကျော်ဖြတ်ရမှာပဲ
ဒီဒဏ်ရာကို မြင်တိုင်း
ချီတုံ ချတုံ ဖြစ်ခဲ့ရသော ဆုံးဖြတ်ချက်တစ်ခုကို
အောက်မေ့နေမှာ မလွဲဧကန်ပါပဲလေ။ ။
Comentarios