top of page

ကူးဆက်ခြင်း

  • Writer: chu
    chu
  • Jan 5, 2020
  • 1 min read




အခန်းကတော့ မကျဉ်းပါဘူး


တစ်ယောက်တည်းအတွက်ဆိုတောင် ကျယ်တယ်ပြောလို့ ရသေးတယ်


မီးရောင်ကလည်း မှိန်ပျ မနေပါဘူး


ဒီအခန်းထဲမှာတောင် တော်တော် စူးရှနေတယ် ပြောလို့ ရသေးတယ်



အခန်းကျဉ်း မီးရောင်ပျပျမှာ ထိုင်ပြီး စိတ်အားငယ်နေသူ တစ်ယောက်တော့ မဟုတ်ပါဘူး



အနောက် လမ်း ၄၀ တဲ့ လျှောက်စမ်းဟဲ့ ခြေထောက်တွေ


တွေ့ပြီလား ဆိုင်


မှားနေသေးတယ်



မြို့ထဲ လယ်ကောင်က တဖျပ်ဖျပ်တောက်နေတဲ့ ကျောက်တုံးတွေ


လူတွေက တရွရွ ကိုင်ပြီး စျေးကစားကြတယ်


သိပ်လှတယ် ယူလိုက်ပါတဲ့



ကန့်လန့်ကာကို လှပ်ပြီး ခေါ်တယ်


ခဏလာခဲ့တဲ့


တမင်ဖော်ထားတဲ့ အသားစိုင်တွေ လှုပ်ရမ်းနေတာ မျက်စိနောက်စရာ



ပင်လယ်ကရတဲ့ ဆားငန်ရေစွက်တဲ့ အနံ့က အမောပြေမယ် ထင်ပေမယ့်


ဘင်္ဂလားပင်လယ်အော်ကို ပိုလွမ်းတယ်



လက်ကို ဒီလိုထား မျက်နှာကို ဒီလိုမော့


အလင်းတွေ တဖောက်ဖောက် ယိုစီးသွားတယ် ခဏလေးပဲ



ဟေး ကြာပြီလား


အသက်က ငယ်သေးတယ်နော်


ဒါလေးတွေနဲ့ ချုပ်ပြီး ဘာမှ ပြန်မလာတော့ဘူး



အနမ်းတွေကျတော့ကော


ဘလက်ခ်နံ့တွေ ရောနေတဲ့ ခပ်ခါးခါးအနမ်းတွေပဲ ရှာတွေ့လိမ့်မယ်



အသွေးထဲက တစစ်စစ် တောင်းနေတာက


Wine အကောင်းစားတော့ မဟုတ်


လက်လုပ် လက်ဖက်ရည် ကျကျ တစ်ငုံ



မျက်နှာကို အလှဆိုးလို့


ဒေါက်ဖိနပ်နဲ့ မြေအောက်ကို ဆင်းရတာ


သူများတွေ အားကျစရာ ဖြစ်နေရော့လား



ဆောရီး


အားတော့နာပါတယ်


နောက်နေ့မှ ဆက်တွေ့မယ်နော်


နှုတ်ဆက်လို့ ကျောခိုင်းတော့



အခန်းကတော့ မကျဉ်းပါဘူး


မီးရောင်ကလည်း မမှိန်ပါဘူး


Comments


© 2023 By Lion with a Flowing Mane.

All Myanmar Image Courtesy by Chu May Paing.

bottom of page